Monday, June 8, 2009

စိတ်ညစ်နေတယ်....


စိတ်ညစ်တယ်ကွယ်...။ တနင်္ဂနွေနေ့က (၁၀) တန်းတွေ အောင်စာရင်းထွက်တယ်။ တစ်ဦးတည်းသော ချစ်ညီမလေးနာမည်က အောင်စာရင်းမှာ မပါလာဘူးတဲ့...။ ဒီနှစ်က သူ့အတွက် ဒုတိယမြောက်နှစ်။ ဂုဏ်ထူးမပါရင်တောင် အောင်မှာပဲလို့ ထင်ထားတဲ့ ကျွန်မ အိမ်ကိုဖုန်းဆက်အပြီးမှာတော့ မအောင်ဘူးဆိုတာ လက်ခံလိုက်ရတော့တယ်...။


ဖုန်းကလည်း ဒီနေ့မှပဲ ခေါ်လို့မရ။ Call Failed ဆိုကတည်းက စိတ်ကတော့ တော်တော်ကို ထင့်နေပီ။ ဒါပေမဲ့လည်း အိမ်ကဖုန်းက ပျက်တတ်ပါလေလို့ စိတ်ဖြေပြီး ဆက်ကာမှ...။


(၃) ရက်နေ့ကမှ ချစ်ညီမလေးမွေးနေ့မို့ လက်ဆောင်တောင် ပို့ပေးလိုက်သေးတယ်..။ သူသိပ်လိုချင်နေတဲ့ ဝေါ့ကင်းရှုးလေး...။ သူငယ်ချင်းက (၂) ရက်နေ့အပြန်.. ။ ငါ့ညီမလေးမွေးနေ့မို့ (၃) ရက်နေ့အရောက် အိမ်ကို သွားပေးပေးနော်လို့ တခုတ်တရ မှာလိုက်တဲ့ ကျွန်မ....။ ခုတော့ ဖိနပ်ကို မီးပဲရှို့ပစ်ချင်တော့တယ်...။


တကယ်.. တကယ်.. စာမေးပွဲတစ်ခုပဲလုပ်စရာရှိတာတောင်မှပဲ... တော်တော်ကိုစိတ်လည်းကုန်တယ်။ စိတ်လည်းညစ်တယ်..။

အဲဒါနဲ့ဘာရယ်မဟုတ် ဘလော့ခ်တွေလျှောက်ဖတ်ရင်း မင်းယွန်းသစ်ရေးထားတဲ့" စာမေးပွဲကျတာဘာဖြစ်လည်း " ဆိုတဲ့ဟာတွေ့မှပဲ ရီနိုင်တော့တယ်...။


ဒါပေမဲ့ စိတ်ကတော့ .. တကယ် ညစ်နေတယ်ကွယ်..။



Monday, June 1, 2009

၂ ကျပ်တန် T-Shirt လေးများ



စနေနေ့က ပျင်းပျင်းရှိတာနဲ့ ဘယ်သွားရကောင်းမလဲ စဉ်းစားနေတုန်း အိမ်က ကျောင်းတက်နေတဲ့ အစ်မတစ်ယောက်က သူအလုပ်လုပ်နေတဲ့ Carrefour မှာ အခုတလော Discount တွေ အရမ်းလုပ်နေပါသတဲ့။ သတင်းကောင်း ပေးလာပါတယ်။ T-shirt တွေများ ကလေးဝတ်၊ မိန်းမ၀တ်၊ ယောကျာ်းဝတ် တစ်ထည်ကို (၂) ကျပ်ပဲ ရှိပါသတဲ့။ ဒါနဲ့ပဲ စလုံးတွေရဲ့ ၀သီအရ Discount ဆို ၀ယ်ပီးသားဆိုတဲ့အတိုင်း ကျွန်မလည်း ချီတက်ခဲ့ပါတယ်။.. (ရေးထားတာကြည့်လိုက်ရင်တော့ စလုံး လိုလို ဘာလိုလိုပေါ့လေ... :P)


ကျွန်မသွားတာက ညနေပိုင်းလောက်မှပါ...။ များလိုက်တဲ့လူတွေ Discount ဆိုတာနဲ့ကိုပဲ လိုလား မလိုလားတောင် မသိဘူး။ ၀ယ်နေကြတာပဲ..။ ကျွန်မကတော့ ပိုက်ဆံကိုလည်း တွက်ချက်သုံးသေး။ သူများက Discount ဆို ကိုယ်လည်း လိုက်ပီး Discount လုပ်ချင်တဲ့လူဆိုတော့ ... ဟိုကြည့် ဒီကြည့်နဲ့ ၂ ကျပ်တန်ဆိုတာပဲ ရှာရတာပေါ့လေ...။ (ကြုံတုန်း ကြွားတာပါ..)


Sony Ericsson ဖုန်းတွေများ ပုံမှန် ၆၀၀ တန်လောက်ကို ၄၀၀ ကျော်လောက်။ ပုံမှန် ၄၀၀ တန်လောက်ကို ၃၀၀ လောက်..။ ဈေးတွေ တော်တော်ချပါတယ်...။ စနေနေ့ ညနေပိုင်းဆိုတော့ လူတွေကလည်း တော်တော်များပါတယ်...။ Aircon တွေ၊ ကလေးတွေ လေ့ကျင့်တဲ့ စာအုပ်၊ စီဒီ တော်တော် ဈေးချပါတယ်...။ တစ်ချို့ဆို (50%) Discount တွေပါ...။


အဲဂလိုနဲ့ တံတွေးကို မြိုချလို့ ၂ ကျပ်တန်ကို တွေ့တယ်ဆိုရင်ပဲ တရုတ်၊ ကုလား.. လူကြီး၊ လူငယ် အစုံပါပဲ...။ အကျီပုံစံတွေကတော့ သိပ်ပီး ဒီဇိုင်းမများပါဘူး။ ကလေးဝတ်ထဲမှာဆိုရင် အရောင်မတူ၊ ဒီဇိုင်းမတူ (၄) မျိုးလောက်...။ အမျိုးသမီးဝတ်ထဲမှာဆို ဒီဇိုင်းကတော့ (၃) မျိုးလောက်ပဲရှိပါတယ်..။ ကာလာခွဲတွေတော့ ရှိပါတယ်..။ ယောကျာ်းဝတ်ကတော့ နည်းနည်းရှားပါတယ်..။ အဲဒါနဲ့ပဲ သိပ်မကြိုက်လှပေမဲ့ ၀ယ်သင့်တယ်ပေါ့လေ...။ (ကိုယ့်ဟာကိုယ်မှတ်ချက် ချတာပါ..) ပန်းရောင်လေးတစ်ထည် ၀ယ်ဖြစ်ပါတယ်...။


စကဒ်လေးတွေလည်း တော်တော်လေးကိုလှပါတယ်...။ အရင်က ၂၅ ကျပ်တန်က အခု ၁၄ ကျပ်လောက်ပဲရှိပါတယ်...။ စကဒ်အမဲလေးတထည်ကို ကြိုက်တာနဲ့ ဈေးကလည်း ကပ်ထားတာ ၁၂ ကျပ်ရယ်... ၁၉ ကျပ်ရယ်ဆိုတော့ မသေချာတာနဲ့ အဲဒီနားက Staff တစ်ယောက်ကို ဒါက ဘယ်လောက်လဲလို့ ဘိုလိုမှုတ်လိုက်ပါတယ်...။ အဲဒါ အဲဒီ Staff က အနားက နောက်တယောက်ကို လှမ်းမေးပေးပါတယ်...။ နီလာ.. ဒါဘယ်လောက်လဲ တဲ့...။ အဲတော့မှ ကျွန်မလည်း မြန်မာမှန်းသိပါတယ်..။ သူက ကျွန်မကို လှမ်းပြောပါတယ်.... It's only 12 dollars တဲ့...။ ဟီး ... ရီချင်လိုက်တာဆိုတာ တစ်အားပဲ...။ ကျွန်မဖြစ်ပုံ ပြောပါတယ်...။


အိမ်ရောက်တော့ အကျီလေးကို လျှော်ပီး စတစ်ကာပါတဲ့နေရာကို မီးပူနဲ့ထိုးကြည့်ပါတယ်...။ ဈေးချိုတော့ စတစ်ကာ ကောင်း မကောင်း သိချင်တာနဲ့ပါပဲ။ ကံကောင်းစွာပဲ စတစ်ကာကို မီးပူထိုးလို့ရပါတယ်..။ ဘာမှမဖြစ်ပါဘူး...။ ၀ယ်တာတန်တယ်ဆိုရမှာပေါ့လေ...။ အခုလည်း ရှိပါသေးတယ်.. အနီရောင်လေးက ကလေးဝတ်ဒီဇိုင်း တစ်မျိုးပါ။ သူလည်း မီးပူအထိုးခံပါတယ်...။ Discount စိတ်ဝင်စားသူများအတွက်ပါနော်...

တက္ကသိုလ်မှတ်တမ်း

First Year တုန်းကတော့
လာသမျှအကုန် စိတ်မ၀င်စား
ကလေးပဲရှိသေးတာလို့
မူခဲ့တာပေါ့လေ...။


Second Year ကျပြန်တော့
နောက်လူက ဒီထက်ကောင်း
ဘယ်နှယ့်လုပ်ရလို့တွေးမိ
ဇွဲတင်းပီး စောင့်လို့ကောင်းတုန်းပေါ့လေ....။


Thirad Year ရောက်လာတော့
လက်ကျန်ထဲကမှ အကောင်းချန်
ဖွဖွလေးခေါက်ဖို့ရွယ်တဲ့လက်
ရွယ်လိုက် စဉ်းစားလိုက်နဲ့ပဲ
တစ်နှစ်တောင် ကုန်သွားခဲ့ပြန်ရော...။


ဒီလိုနဲ့ပဲ...
Hons: ကို ယောင်လည်လည်နဲ့
တကိုယ်ထီးထီးရောက်လာမှ
ရှိတာယူမယ် စိတ်ပိုင်းဖြတ်
မြန်မြန်ခေါက်မဟဲ့ဆိုမှ
ကျွန်မ ခေါက်မိတာက
လေဟာနယ်ပဲ ဖြစ်နေပါရောလား....။

ဖုန်း နှင့် ချက်တင်းထိုင်ကြမယ်.. မေးလ်စစ်မယ်နော်..

ခေါင်းစဉ်ကြည့်ပီးတော့ ..ဟာ . Starhub ကဒ်ဝယ်တာပဲလို့ မထင်ကြပါနဲ့နော်..။ အခုတလောမှ သုံးလို့ရလာတဲ့ဟာလေးပါ။..

ပထမဆုံးအနေနှင့် ဖုန်းကနေပီးတော့ *43327 ကို ခေါ်လိုက်ပါ။ သူ့ဟာသူ ဖုန်းပြန်ကျပီးတော့ ချက်ချင်းပဲ ကိုယ့်ဖုန်းထဲကို မက်စ် ၀င်လာပါလိမ့်မယ်။ အဲဒီမှာသူက မင်းဖုန်းရဲ့ မော်ဒယ်နံပါတ်ကို ပြန်ပို့ပါ။ Nokia, Sony Ericsson ဘာညာဘာညာပေါ့လေ။

ကိုယ့်မှာရှိတဲ့ဖုန်းနဲ့ မော်ဒယ်နံပါတ်မတူလို့ စိတ်မညစ်လိုက်နဲ့နော်။ ဘယ်ဖုန်းပဲဖြစ်ဖြစ် T700 လို့သာပြန်ပီး မက်စ်ပို့ပေးလိုက်ပါ။ နောက်တစ်ခေါက်ထပ်ပီး မက်စ်ဝင်လာပါလိမ့်မယ်။

ဒီအခါမှာတော့ ပြန်ပို့လာတဲ့ မက်စ်ထဲမှာ ideas.singtel.com ဆိုတဲ့ စာသားလေးပါလာ ပါလိမ့်မယ်။ အောက်ဘက်က မီနူးဘားမှာတော့ တစ်ဘက်မှာ Open တစ်ဘက်မှာ More ဆိုတာပေါ်ပါလိမ့်မယ်။

အဲဒီမှာ Open ကို ကလစ်လိုက်ရင် Googletalk Mobile ဆိုတာကို Run လိုက်ရင် Google Search ဆိုတာ ပေါ်လာပါလိမ့်မယ်။ ကျွန်မတို့ ကွန်ပျူတာမှာ ရှာသလိုမျိုးပါပဲ။ အဲဒီမှာမှ (၃) မျိုး ရှိပါတယ်။ တစ်ခုက Googlemail ဆိုတာပါ။ အဲဒါကတော့ မေးလ်စစ်ရုံသီးသန့်။ ပို့ရုံသီးသန့်ပါပဲ။ ချက်တင်းတော့မရပါဘူး။ Googlemobile ကနေမှ Googlemail ကို ဖုန်းရဲ့တစ်နေရာရာမှာ (Applicaions) လိုနေရာမျိုးမှာ Install လုပ်လိုက်ရင် ရပါပီ။ Exit, Sign out ၂ မျိုးလုံးပါပါတယ်။ Sign out ဆိုရင် မေးလ်၂ ခု ၃ ခု ရှိသူများ။ ဟိုဟာစစ်လိုက်။ ဒီဟာစစ်လိုက် သုံးနိုင်ပါတယ်။ Exit ဆိုရင်တော့ စစ်ပီးရင်ထွက်သွားမယ်။ ပီး ကိုယ်နောက်တစ်ခါ ပြန်ဖွင့်ရင် သူ့အလိုလို ၀င်နေပီဖြစ်ပါတယ်။ Refresh ဆိုတာကိုတော့ ကလစ်ဖို့လိုပါတယ်။ ဒါမှသာ ဖတ်ပီးသားတွေ။ အသစ်ဝင်တာတွေကို ပြန်လည် စီပေးမှာဖြစ်ပါတယ်။

နောက်တစ်ခု - အဲဒါကတော့ Google search မှာ minifring ကို ရိုက်ထည့်။ ကျလာတဲ့ စာသားတွေထဲကမှ Download ဆွဲ။ သုံးလို့ရပါပီ။ သူကတော့ ချက်တင်း သက်သက်ပါပဲ။ တစ်ခုသတိထားရမှာက မိမိရဲ့မေးလ်ပက်ဝက်စ်က (၁၀) လုံးကျော်နေရင်တော့ မရပါဘူးရှင်။ ချက်တင်းသက်သက်ပါပဲ။ (၁၅) မိနစ်လောက်သုံးရင် မိမိရဲ့ Local call ကနေ (၈) ဆင့် လောက်ဖြတ်ပါတယ်။ Googletalk တမျိုးပါပဲ။ အားနည်းချက်ကတော့ Send File ပို့လို့မရပါဘူး။

နောက်တစ်မျိုးကတော့ nimbuzz ပါ။ သူကလည်း Google search မှာ nimbuzz ကိုရိုက်။ Download ဆွဲချ။ Install လုပ်။ သုံးလို့ရပါပီ။ ပထမဆုံးဝင်ဝင်ချင်းမှာတော့ Nimbuzz အကောင်န့်မှာ အကောင်န့်အသစ် ဖွင့်ရပါတယ်။ ဒါကလည်း ပထမဆုံးအခါမှာသာလိုအပ်ပါတယ်။ လွယ်လွယ်ကူကူနာမည် နဲ့ တိုတိုရှင်းရှင်း ပက်စ၀က်ဆိုရပါပီ။ Nimbuzz အကောင်န့်ဝင်ပီးရင်တော့ Googletalk ရပါပီ။ မိမိမေးလ် နဲ့ ပက်ဝက်စ်ကို ရိုက်ထည့်။ ချက်လို့ရပါပီ။ ကျွန်မကတော့ Nimbuzz ကို တော်တော်သဘောကျပါတယ်။ ကိုယ့်ဆီမှာရှိတဲ့ Chat List က လူတွေရဲ့ Icon တွေ။ Status တွေကို အကုန်ကြည့်လို့ရပါတယ်။ Send File လဲရပါတယ်။ မိမိဖုန်းရဲ့ Memory Card ကပုံတွေအပြင် အခု လတ်တလော ဖုန်းနဲ့ရိုက်လိုက်တဲ့ဟာကအစ ပို့လို့ရပါတယ်။ ဒါပေမဲ့ Send File ပို့တဲ့ တစ်ဘက်ကလူကတော့ အွန်လိုင်းဖြစ်နေဖို့လိုအပ်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ File တွေက တစ်ဖက်လူရဲ့ မေးလ်ထဲကိုဝင်သွားပီး သူတို့ပေးထားတဲ့ လင်န့်ကို Click လုပ်လိုက်ရင် ကိုယ်ပို့လိုက်တဲ့ဟာကို တစ်ဖက်လူက ကြည့်လို့ရပါပီ။ Nimbuzz ကတော့ ကျွန်မတို့ (၁၅) မိနစ်လောက်သုံးရင် Local Call ကနေပဲ (၅) ဆင်န့်လောက် ဖြတ်ပါတယ်။


သိပီးသားလည်းဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမဲ့ မသိသေးတဲ့လူများရှိရင် သုံးနိုင်ကြအောင်လို့ပါ...။

Monday, May 25, 2009

ခေါင်းစားတာတော့ ဟုတ်ဘူးနော် ....

သူငယ်ချင်းတို့ရေ ....

ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး။ မြန်မာအိုင်တီမှာ တွေ့မိတာ။

အချစ် ဆိုတာ အလွမ်းလား
အလွမ်းဆိုတာ အချစ်ရှိမှ ဖြစ်သလား
အချစ်မရှိဘဲနဲ့ ဖြစ်သလား
အချစ် နဲ့ အလွမ်း အတူတူ ဖြစ်သလား .....
တဲ့

ကိုယ့်အမြင်ကတော့လေ ...

အလွမ်းဆိုတာ အချစ်ရဲ့ ထပ်ကိန်းတစ်ခုပဲ
အချစ်ဆိုတဲ့ ဘေ့စ်မရှိဘဲ အလွမ်းဆိုတဲ့ ထပ်ကိန်းကို တင်လို့မရဘူးလို့ယူဆတယ်
ဒါကြောင့် ......

အချစ်ဆိုတာ အလွမ်းမဟုတ်ပါ။
အလွမ်းဆိုတာ အချစ်ရှိမှ ဖြစ်နိုင်တာပါ။

အချစ်မရှိဘဲ အလွမ်းမဖြစ်နိုင်ပါ။
အချစ် နဲ့ အလွမ်း အတူတူတော့မဖြစ်ပါ။
တစ်ဆင့်ပြီးမှ တစ်ဆင့်ဖြစ်ပါတယ်
.... လို့
ကိုယ် ဖြေရင် ... သူငယ်ချင်းတို့
ဘယ်လိုယူဆမလည်းဟင် ....


မီးမီးက ကလေးလေးဆိုတော့ မသိလို့ အားကိုတကြီးမေးလိုက်တာပါနော်....



ဒီလိုတော့ လုပ်နဲ့နော် ....

မိုးရွာသောနေ့ ......


မိုးစက်လေးတွေကို မြင်ရတဲ့အခါ
နွေးထွေးမှုပေးခဲ့တဲ့
လက်တစ်စုံကို ...... လွမ်းမိတယ် .... ။

မိုးစက်မှုန်လေးတွေနဲ့ ထိမိတဲ့အခါ
ရင်တွေတုန်သွားရတဲ့
ပွေ့ဖက်မှုကို .... တမ်းတမိတယ် ... ။

မိုးရေတွေကို ကြည့်မိတဲ့အခါ
လွမ်းဆွတ်မှုကိုဖြစ်စေခဲ့တဲ့
ချစ်သူကောင်လေး တစ်ယောက်ကို ... သတိရမိနေတယ် ....။


ဘယ်လောက်ပဲ ... ပူဆွေးရပစေ ..
ဘယ်လောက်ပဲ .... ညှိုးနွမ်းရပစေ ...

ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့
မိုးရေတွေရဲ့အောက်မှာ
လက်နွေးနွေးတစ်စုံကို တွဲဆုပ်လို့
လမ်းလျှောက်ခွင့်တော့ လိုချင်မိသေးတယ် ... ။

ချစ်သူ ... သို့


ချစ်သူ ... တဲ့ ...
သူများတွေအတွက်
ဘယ်လိုကိုယ်စားပြုမှန်းမသိပေမဲ့
ကျွန်မအတွက်တော့ သိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက်ပေါ့ .....

သိပ်ချစ်မှန်းသိတဲ့အခါ ...
အမြဲတမ်းပဲအနိုင်ကျင့်
နွဲ့ဆိုးတွေအမျိုးမျိုးနဲ့ .. သူ့ကိုစိတ်ညစ်စေခဲ့တာလည်း .. ကျွန်မပေါ့ ....

အဖြေရခက်တဲ့မေးခွန်းတွေ
အနေရကျပ်တဲ့စကားတွေနဲ့
သူ .. စိတ်ရှုပ်တဲ့အခါတိုင်း
တကယ်မချစ်ပါဘူး .... ဆိုတဲ့ စကားတစ်ခွန်းနဲ့
အနိုင်ယူခဲ့တာလည်း ... ကျွန်မပဲလေ ....

အခါများစွာမှာ
မှားသူက ကျွန်မ ... လွန်တာက ကျွန်မ
နားလည်တတ်ခဲ့ပေမဲ့လည်း ....
သူကပဲ ချော့စေချင်တာ ...
ကျွန်မအလွန်ပဲ .. ထင်ပါရဲ့ ....

အခုတော့ ...
ယောကျာ်းဆိုတဲ့ မာနလေးတော့ ရှိပါရစေ ဆိုတဲ့ ..
စကားတစ်ခွန်း
ကျွန်မအနားမှာ ထားရစ်လို့ ...
သူကတော့ ...............

ချစ်သူ ...
တို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာ
ဒီလိုနဲ့ပဲ .... ပြီးဆုံးသွားတော့မလား
ဒီလိုနဲ့ပဲ ... ရပ်တန့်သွားတော့မလား ....


လား .. ပေါင်းများစွာနဲ့ .. ကျွန်မ
အိပ်မရတဲ့ညတွေများခဲ့တာ ....
ဘယ်သူမှ မသိတောင်
သူတစ်ယောက်ကိုတော့ သိစေချင်ပါတယ် .....

(ချစ်သူငယ်ချင်းရဲ့ မှိုတက်ဘလောခ့်လေးမှ ခံစားမှုအား ပြန်လည်ဖော်ပြပါသည်... )

Friday, May 22, 2009

ပြောင်းလဲခြင်း

အရင်ကဆိုရင်
လှပဖို့ကို စိတ်မ၀င်စား
ကပိုကရို ဖိုသီဖတ်သီနဲ့
နေချင်သလို နေတတ်တဲ့ ကျွန်မပေါ့....။


သူနဲ့
မျက်လုံးချင်းစကားပြောပီးတဲ့နောက်
သူ့ရှေ့ရောက်ရင်
ဟန်မူပို ရှက်သွေးတွေကြွယ်ခဲ့ရတာလည်း
ကျွန်မပဲလေ...။

သူ့ရှေ့မှာလှချင်တဲ့စိတ်
သူ့မျက်ဝန်းထဲမှာ အဆင်ပြေချင်တဲ့စိတ်
သူ့မျက်ဝန်းထဲမှာ ချစ်ဖို့ကောင်းစေချင်တဲ့စိတ်
စိတ်ပေါင်းများစွာနဲ့
အလုပ်တွေရှုပ်ခဲ့ရတာလည်း...
ကျွန်မပါပဲလေ...။

ခုအချိန်မှာတော့
အစဉ်အမြဲ အချိုးတကျ
သပ်ရပ်ကျော့ရှင်း
ချစ်ဖွယ်ဟန်မူတစ်သင်းနဲ့
လူအသစ်ဖြစ်လာတဲ့ ကျွန်မကို
တွေ့သူတိုင်းကရော
ခင်သူတိုင်းကပါ.. စကြတယ်...
သိပ် ..သိပ်ကို လှချင်နေပါလားတဲ့....။

တစ်ခါတုန်းက...

သိပ္ပံကျောင်းသူပီပီ လက်တွေ့ကျမှ ယုံတတ်တဲ့.. ညိုက . နူးညံ့တဲ့ ကိုင်တွယ်မရနိုင်တဲ့ အချစ်ဆိုတာကို မယုံခဲ့ဘူးလေ။ ဒါကလည်း သူနဲ့မတွေ့ခင်အထိပဲဆိုပါတော့...။ သူနဲ့တွေ့ပီးတဲ့နောက်ပိုင်းတော့ ... မမြင်ရပေမဲ့ ညို့ရင်ကို ချည်နိုင်တဲ့ ကြိုးလေးတစ်ချောင်း၊ မထိတွေ့နိုင်ပေမဲ့ .. ညို့နှလုံးသားကို ခုန်လှုပ်စေတဲ့ လက်တစုံလို့ ညို ယုံခဲ့မိရတယ်...


တက္ကသိုလ်ဆိုတာ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့နေရာလို့ စာတွေထဲမှာပဲ ဖတ်ဖူးခဲ့ပေမဲ့ တကယ်ကို လွတ်လပ်တဲ့ပျော်စရာလို့ ညိုမထင်ခဲ့ဘူး...။ ကိုယ့်ကိုကိုယ် လူကြီးဖြစ်ပီဆိုတဲ့အသိနဲ့ မြောက်ကြွ မြောက်ကြွပေါ့...။ သူငယ်ချင်းတွေနဲ့လည်း စာသင်ချိန်မှာ ကင်တန်းသွားထိုင် လွတ်လွတ်လပ်လပ်နဲ့ ခုမှ ကောင်းကင်ပေါ် ပျံသန်းခွင့်ရတဲ့ ငှက်ငယ်တကောင်ရဲ့ ပီတိမျိုးနဲ့ပေါ့....။


ညိုပုံစံက နာမည်နဲ့လိုက်ဖက်စွာ ညိုတိုတိုလေးနဲ့ ခေတ်ပုံစံလေးပေါ့လေ။ ကိုယ့်ကိုကိုယ် လှတယ်လို့ မယူဆခဲ့ပေမဲ့ အကျည်းတန်မနေဘူးလို့တော့ ညို ပြောရဲပါတယ်...။ ပီးတော့ သူငယ်ချင်းတွေရဲ့ ပြောစကားအရ ညို့ စကားပြောဟာ လူတဖက်သားကို အင်မတန်လွှမ်းမိုးနိုင်စွမ်းရှိပါတယ်တဲ့....။


ညိုတို့ကျောင်းက မြို့အစွန်နားမှာမို့ ကျောင်းသွားကျောင်းပြန် ကျောင်းကားစီးရပါတယ်..။ ကျောင်းကားပေါ်မှာ တိုးဝှေ့နေရာဦးကြ။ မိန်းကလေးတွေဆိုရင် ယောကျာ်းလေးတွေက ဦးစားပေးပီး ဖယ်ပေးကြနဲ့ ညီအစ်ကိုမောင်နှမတွေလို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နဲ့ တစ်နာရီနီးပါး အိမ်အပြန်လမ်းဟာ စိတ်ထင်ခဏလေးလိုပါပဲ....။ တစ်ခါတစ်ရံ တစ်ချို့ကျောင်းသားတွေက ဂစ်တာတီးကြ။ မိန်းကလေးတွေက သီချင်းဆိုကြနဲ့ .. သိပ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်...။ ညိုက အစွဲအမှတ်ကြီးသူမို့ ကျောင်းကားစစီးကတည်းက ထိုင်နေကျဖြစ်တဲ့ ကျောင်းကားရဲ့နောက်ဆုံးပေါက်နဲ့ကပ်ရပ်က ခုံလေးမှာပဲ အမြဲထိုင်ခဲ့တယ်....။ အဲဒီခုံက ကားဘီးပေါ်မှာမို့ လကမ္ဘာကို ဖြတ်ပီး အသွားအပြန်လုပ်ရတဲ့ လမ်းပေါ်မှာ ခုံလွန်းတာကြောင့် အမြဲပဲ ညိုတစ်ယောက်ထဲ ဗိုလ်စွဲခဲ့တယ် ဆိုပါတော့လေ....။


မှတ်မှတ်ရရ ... မိုးတွေအုံပီး မရွာဘဲ တင်းထားတဲ့နေ့တစ်နေ့မှာပေါ့... ကျောင်းကားကြီးထွက်ခါနီးမှ ကားပေါ်ကို ၀ုန်းခနဲတက်လာပီး ညို့ဘေးမှာ ဒုန်းကနဲထိုင်လိုက်တဲ့သူကြောင့် ..... အမြဲပဲ ငြိမ်သက်နေတဲ့ ညို့နှလုံးသားတွေ ၀ုန်းဒိုင်း ၀ုန်းဒိုင်း အသံတွေမြည်လာခဲ့တယ်..။ ဘေးတိုက်အကြည့်မှာ မျက်မှန်လေးနဲ့ဆိုတာရယ်...။ နှာခေါင်းလေးက ချွန်ပီးတော်တော်လှတယ် ဆိုတာရယ်ကလွဲလို့ ညို သိပ်မမှတ်မိလိုက်ပါဘူး....။ ဒါပေမဲ့ .... ညို့ အသားနဲ့ထိမှာစိုးလို့ ကိုယ်လေးစောင်းပီး ထိုင်နေတာကိုတော့ ညို အမှတ်တွေ ကြိတ်ပေးလိုက်မိတယ်... ။


ဝန်ခံရမယ်ဆိုရင် .. နောက်နေ့တွေမှာလည်း သူများလာစီးမလားရယ်လို့ .. ညိုမျှော်လင့်မိနေသေးတယ်...။ သူ ဆင်းတဲ့နေရာကလည်း ညိုဆင်းတဲ့နေရာနဲ့အတူတူဆိုတော့ ဘယ်မှာများနေသလဲလို့ မှန်းဆမိတာလည်း အခါခါပါပဲ။ ဒါပေမဲ့လေ..... မိုးတွေအုံပီး လွမ်းစရာကောင်းတဲ့နေ့မှာ သူက လွမ်းစရာဖြစ်အောင် ကျောင်းကားကို မပေါ်လာဘဲ ၂ ပတ်လောက် ပျောက်နေခဲ့တယ်.....။ ကျောင်းမှာလည်းမတွေ့...။ အိမ်နားမှာလည်းမတွေ့.... သူငယ်ချင်းတွေကတောင် ... " ညိုတစ်ယောက် ပျာယာတွေခတ်နေတယ် " လို့ ပြောရလောက်အောင် ရှာဖွေမိခဲ့တယ်...။ မျက်မှန်လေးတပ်ထားရင်လည်း လိုက်ကြည့်မိတာ ... ပျာပျာသလဲပေါ့လေ...။


သူက ညို့ကို ပျော်ရွှင်စေခဲ့ပါတယ်...။ အဲဒီကာလပီးတဲ့ နောက်တနေ့ ညနေမှာလည်း ပထမအကြိမ်လိုပဲ သူရောက်လာခဲ့ပြန်တယ်...။ ဒီတစ်ခါတော့ ..သူက စပီး မိတ်ဆက်တာမို့ .. ရင်ခုန်သံတွေ ပရမ်းပတာ ကြားထဲကပဲ ညို စကားတွေပြန်ပြောမိခဲ့တယ်....။ " ညီမက ဘယ်အတန်းကလည်း " တဲ့.... ။ ညီမဆိုတဲ့ ခေါ်သံမှာတင် ညို့နှလုံးသားတွေ နွေးထွေးသွားလိုက်တာ....။ အဲဒီနေ့က ပြန်ဖူးခဲ့သမျှ အိမ်အပြန်လမ်းတွေထဲမှာ အတိုဆုံးနေ့တစ်နေ့ ဖြစ်ခဲ့တယ်...။


သူက ကျောင်းအလာကိုတော့ မလိုက်တာမို့ ညိုနဲ့သူနဲ့တွေ့ချိန်ဟာ ကျောင်းပြန်ချိန်မို့ ပြန်ခါနီးရင် ညို ..မှန်ကြည့်တတ်လာတယ်.. ခေါင်းဖီးတတ်လာတယ်.... မိန်းကလေးမို့ အရင်ကလည်း အလှပြင်မိပေမဲ့ .. ခုတော့ ပိုပီးအသေးစိတ်ပေါ့လေ....။ ကျောင်းကားအပြန်တွေလိုက်စီးလို့ တစ်ပတ်ကျော်ကျော်လောက်မှာတော့ ....


တစ်နေ့... ညို ကျောင်းအလာ ကားပေါ်ကအဆင်းမှာ .. ကျောင်းအပေါ်ထပ် ၀ရံတာကနေ တစ်စုံတစ်ယောက်စိုက်ကြည့်နေသလို ခံစားရတာမို့... မော့ကြည့်လိုက်တဲ့အခါ... ညို့ကိုစိုက်ကြည့်နေတဲ့ မျက်မှန်အောက်က မျက်ဝန်းနွေးနွေးတွေ..... အိုး ...... ရှင်သန်ခဲ့သမျှ နံနက်ခင်းတိုင်းဟာ ခုမှ အဓိပ္ပါယ်မဲ့မှန်း ညို သိခဲ့တော့တယ်...။ ဒီနေ့ နံနက်ခင်းလောက် ညို့ရင်ကို နွေးထွေးစေတာ... ညို့ နှလုံးသားတွေ တိမ်းမူးစေတာ.... တစ်ခါမှကို မကြုံခဲ့ဖူးပါဘူး...။


ကျောင်းခန်းထဲမှာ ဗေဒင်အပျော်တွေ တွက်တဲ့အခါ... ညို့ကိုစိတ်ဝင်စားတဲ့လူနာမည်မှာ " နိုင် " ဆိုတာ ပါမယ်လို့ ပြောတုန်းကများ .... အိုး .... ညို့ မျက်စိထဲ သူတယောက်ပဲ ပြေးမြင်မိတယ်....။
" ကိုယ့်နာမည်က ရန်နိုင် ပါ။ တစ်တန်းပဲကြီးလည်း ညီမရဲ့ စီနီယာပဲနော် " တဲ့...။ သူပဲ ဖြစ်မယ်လို့ပဲ တစ်ထစ်ချ ကောက်ချက်ဆွဲမိတယ်...။ သူဖွင့်ပြောလာတဲ့အခါ.... ဘယ်လိုများ အဖြေပေးရမလည်းဆိုတာလည်း .. အမျိုးမျိုးစဉ်းစားလို့ပေါ့လေ...။


ညို ကျောင်းလာတဲ့အခါတိုင်း သူ့မျက်ဝန်းတွေနဲ့ဆုံတဲ့အခါ မြန်မြန်ဖွင့်ပြောပါစေတော့လို့ ကြိတ်ပီးဆုတောင်းမိတာလည်း အခါခါပေါ့။ .. နောက်... ညို့ နောက်မှာ သူအမြဲရှိလာတတ်တာ...။ ညို သွားတဲ့ ကင်တန်းကိုပဲ လိုက်ထိုင်တတ်တာ...။ ညို တို့အတန်းရှေ့ကနေ ညို့ကို မမြင်မချင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေတတ်တာ....။ ကျောင်းအလှူတွေမှာလည်း .. ညို့ အနားမှာပဲ ရစ်ဝဲနေတတ်တာ... ။ ညို့ ဖုန်းနံပါတ်တောင်းပီး ညို ကျောင်းမတက်ဖြစ်ရင် ဖုန်းဆက်တတ်တာ... သူငယ်ချင်းတွေ ရိပ်မိလာခဲ့တော့ .. အစခံရတဲ့အခါ ရှက်ပြုံးလေးနဲ့.... တိတ်တခိုး ကျေနပ်ရတာ.... သူသိပါ့မလားလို့ တစ်ခါတစ်လေတော့ တွေးမိတယ်...။ သူ့သူငယ်ချင်းတွေနဲ့ ကျောင်းကော်ရစ်ဒါမှာ ဆုံတဲ့အခါ ............. " ညိုရေ .. နိုင်ကြီးတော့ ... ညိုမှညို ဖြစ်နေပီနော်... " ဆိုတဲ့... စနောက်သံတွေကြားမှာ ရင်ခုန်သံတွေ ပရမ်းပတာနဲ့ ခြေလှမ်းတွေ မှားခဲ့ရတာလည်း ညိုပါပဲ....


ဒါပေမဲ့ .. ဒါပေမဲ့လည်းလေ....
ဒုတိယနှစ်သာပီးလို့ သူက တတိယနှစ် (နောက်ဆုံးနှစ်) သာရောက်သွားခဲ့တယ်... ။ ညို့နောက်ကလိုက်ရုံ၊ ဖုန်းဆက်တတ်ရုံကလွဲလို့ ... သူ ဘာမှ ဖွင့်မပြောတဲ့အခါ...။ နောက်ဆုံးနှစ်ပီးလို့ ... " ကိုယ်.. သြစတြေးလျကို သွားတော့မယ် .. ညို " လို့ နှုတ်ဆက်တဲ့အခါ... ။ ညို့ နှလုံးသားတွေ ကွဲအက်ကြေမွသွားရတာကို .. သူမသိရအောင်ဖုံးဖိလို့ .. နှုတ်ဆက်စကားဆိုရတဲ့အခါ.... မိန်းကလေးဘ၀ကို ညိုတော်တော်ပဲ ၀မ်းနည်းသွားမိတယ်.....။ ထားခဲ့သူက ထားခဲ့မှတော့လည်း ... ။


သူ့အတွက် ညို့ ခံစားချက်တွေကို ကဗျာလေးတစ်ပုဒ်ဖြစ်အောင် သီကုံးရင်း... သူထားခဲ့တဲ့နေရာမှာပဲ .. ကျန်ခဲ့ဆဲ ... ။ မိုးတွေအုံ့နေတာကို မြင်တိုင်းလည်း ဘယ်ဆီမှန်းမသိ မျှော်မှန်း တမ်းတမိဆဲ ....။ သူ ပြန်လာမှာပါလို့ ယုံကြည်ရင်း ရာသီတိုင်းမှာလည်း စောင့်စားဆဲ ....


" မျက်မှန်နဲ့လူ...... "
မျက်မှန်အောက်က မျက်ဝန်းရဲ့အကြည့်
ပျော်ဝင်တဲ့ချစ်ခြင်းတွေ ကိုယ့်အတွက်ထင်မိ .. ပျော်ခဲ့မိပါတယ်...
နံနက်သစ်ရဲ့နေခြည်အောက် မြင်ရတဲ့မျက်နှာတစ်ခုဟာ..
အားသစ်တွေပေးဝေလို့ (ကိုယ့်ကို) လန်းဆန်းပျော်ရွှင်ကြည်နူးစေပါတယ်...
တမ်းတငြိတွယ် . .. ရင်ထဲထိမှ
တွေးသိမလွယ် .. ဘာလိုလိုနဲ့ ..မှန်းဆရခက် .. ပဟေဋ္ဌိနဲ့ ...
စိမ်းကားရက်သူ .. မျက်မှန်နဲ့လူရေ....

ခုတော့လည်း ... သတိရတဲ့အခါ ကဗျာလေးကိုဖတ်ကြည့်လို့ စောင့်စားမျှော်လင့်ရုံမှတပါး.....

Wednesday, May 20, 2009

ကျွန်မအကြောင်း တစေ့တစောင်း

နာမည်ကတော့ အတိုကောက် ကေကေ ပေါ့လေ..။ ချန်ကာပူဆိုတဲ့ မြို့ကြီးမှာ အလုပ်တစ်ခု လုပ်မဟဲ့ဆိုပီး ရွာကနေ တက်လာတာ... အလုပ်မရသေးတာနဲ့ပဲ ကျောင်းပြေးတက်ပီး ယောင်လည်လည် ဖြစ်နေတဲ့သူပါ။ ကျောင်းတက်နေခင်စပ်ကြား အချိန်အားကလည်း များသမို့ ဟိုဘလောခ့်လည်လိုက်။ ဒီဘလောခ့်က ချက်တာလေးတွေ ငမ်းလိုက်နဲ့ပဲ ချန်ကာပူမှာ ပိုက်ဆံတွေ သုံးနေသူပေါ့.. (ဟီး .... ဒို့ရွာမှာတော့ ဒို့က သူဋ္ဌေးပါ)။ ခုအရွယ်ရောက်ပီမို့ လောက်လောက်လားလား ရည်းစားတယောက်တော့ ဖြစ်ဖြစ်မြောက်မြောက် ရှိပါတယ်...။ မရောက်ခင်တုန်းကတော့ ချန်ကာပူကို တကယ်ကို မလာချင်ပါဘူး..။ ဒီရောက်တော့ မီးကလည်း တစ်နေကုန်လာ .. ။ အဲတော့ မီးဖွင့်မိရော... ။ အိုး မီးဖွင့်ထားတော့ အိုက်လိုက်တာကလွန်ရော... တကယ်..တကယ်..။ ကျွန်မတို့ဆီမှာက ကောင်းတယ်လေ။ မီးကို အချိန်နှင့်ပေးဆိုတော့ စည်းကမ်းတကျအင်မတန်ရှိတာကလား။ မလာတော့ မဖွင့်မိဘူး။ ဟော .. အဲတော့ .... သဘာဝလေလေးနဲ့ နေလို့အလွန်ကောင်း... ။ (ဒါဆို ရွာပြန်လို့တော့ မပြောနဲ့နော်... ) ဒီမှာ ချစ်ဆုံးရှိတော့ မပြန်နိုင်သေးဘူးတော်ရေ့။ ဟီး ... အဲလိုလေး ... ပြန်ဖာထားမှဖြစ်မယ်....။ ကျွန်မရဲ့ဘလောခ့်မှာတော့ ဘာသာရေးအနည်းငယ်...။ ချစ်မှုချစ်ရာအနည်းငယ်...။ ဟင်းချက်နည်းအနည်းငယ်...။ ကဗျာအနည်းငယ်...။ ကာတွန်းအနည်းငယ်...။ ဟာသအနည်းငယ်....။ ဘာသာပြန်ကမောက်ကမအနည်းငယ်..။ အားလုံး အားလုံး ရသစုံကို အနည်းငယ်စီပေးဖို့ မျှော်လင့်ထားပါတယ်...။ ဘာလို့ အနည်းငယ်စီ ဖြစ်နေရလည်းဆိုတော့ကာ... ကျွန်မသိတာကလည်း အနည်းငယ်မို့ပါ...။ မျှော်လင့်သောနေ့ .. ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ .... ကျွန်မဖြစ်ချင်တာတွေ ... ဖြစ်လာမဲ့နေ့တစ်နေ့ကို .. မျှော်လင့်နေတယ်ဆိုတာ... အမှတ်ရအောင်လို့ပါ...။ ဘလောခ့်ရပ်ဝန်းမှ မောင်နှမများ နွေးထွေးစွာကြိုဆိုကြမယ်လို့ မျှော်လင့်မိပါကြောင်း...။ နားမလည်သည်များကိုလည်း သေချာရှင်းလင်းညွှန်ပြကြမည်ဟု မျှော်လင့်မိပါကြောင်း...။ ကြောင်း .. ကြောင်း ....။

ကြည်ညိုစရာ လျောင်းတော်မူရုပ်ပွားတော်..


သိကြလား .. မသိကြလားတော့ မသိပါဘူး။ အဲ .. ရေးရင်းနဲ့ ရှုပ်ကုန်ပီ။ ရှင်းရရင်တော့ ချစ်ဆုံး (ဒါကတော့ ကြွားတာပါ... :P) လိုက်ပို့လို့ Srilanka Buddhit Temple ဆိုတာကို တစ်နေ့ရောက်သွားခဲ့ပါတယ်..။ အင်မတန် ကြည်ညိုစရာ လျောင်းတော်မူရုပ်ပွားတော်တစ်ဆူက ၀င်းထဲကို ၀င်ဝင်ချင်းမှာပဲ ဖူးတွေ့ရပါတယ်.. မှန်ကျောင်းဆောင်နဲ့အပြည့် မျက်လွှာချလို့ စံပယ်နေပုံက ပဲခူးက ရွှေသာလျောင်းကို သတိရစေပါတယ်..။ စင်္ကာပူရွှေကျောင်းနဲ့သိပ်မဝေးလှတာမို့ ကျွန်မတို့ကတော့ Taxi နဲ့ပဲသွားဖြစ်ကြပါတယ်။ အဲ Taxi စီးတယ်ဆိုလို့ ပိုက်ဆံပေါတယ်တော့ ထင်ပါနဲ့နော်..။ တခါမှမရောက်ဖူးတာမို့ မစီးမဖြစ် စီးရတာပါ။ နောက်မှသိရတာက အဲဒါက Serangoon Road ပေါ်က St.Mary Street ပေါ်မှာ တည်ရှိပါတယ်တဲ့...။ ကျောင်းဝင်းရဲ့အ၀မှာပဲ မှန်ကျောင်းဆောင်နဲ့ လျောင်းတော်မူ ရုပ်ပွားတော်က စံပယ်တော်မူနေပီး ဘေးမှာလည်း ကျောက်ဖြူရုပ်ပွားတော်တစ်ဆူ ရှိပါသေးတယ်။ အထဲဆက်ဝင်သွားရင် ဂြိုလ်တိုင်အပြည့်အစုံနဲ့ ပန်းကပ်။ ဆီမီးကပ်။ ရေလှူ လုပ်လို့ရတဲ့ ဘုရားဝင်းလေးလည်း ရှိပါသေးတယ်...။ ယတြာဆရာတွေ လုပ်ခိုင်းတဲ့ ဂြိုလ်တိုင်မှာ ရေလှူလို့လည်းရတာကို ကျွန်မတော့် တော်တော်ကို သဘောကျမိတယ်...။ မဟုတ်ရင် ဒီက ဘုန်းကြီးကျောင်းတွေက သိပ်မရှိကြဘူးလေ။ Eunos က ဘုရားမှာတော့ ရှိပေမဲ့ ကျွန်မ စိတ်ထင် သေးသလိုပါပဲ။ ကျောင်းဝင်းကကျယ်ကျယ်။ အရိပ်ရသစ်ပင်တွေ ဝေေ၀ဆာဆာနဲ့ အင်မတန် သပ္ပါယ်လှတာမို့ ကျွန်မသိသမျှလေးကို ဝေမျှလိုက်တာပါနော်.... တစ်စုံတစ်ရာ မှားယွင်းမှုများ ရှိခဲ့ရင်လည်း နားလည်ပေးကြနော်...

ဘလော့ခ်တစ်ခု စတင်ခြင်း (သို့မဟုတ်) မျှော်လင့်သောနေ့

အားလုံးပဲ မင်္ဂလာပါနော်...။ ဘလောခ့်တွေကိုလည်ဖတ်ရင်းကနေ ရင်ဖွင့်ချင်တဲ့အရာတွေ၊ ဝေမျှချင်တဲ့အရာတွေကို နက်ကောင်းတဲ့နေရာ ရောက်ခိုက်လေးမှာ ... မျှဝေခံစားချင်တဲ့သဘောပါ.. နွေးထွေးစွာကြိုဆိုကြမယ်လို့ မျှော်လင့်လျက် .....