Friday, May 22, 2009

တစ်ခါတုန်းက...

သိပ္ပံကျောင်းသူပီပီ လက်တွေ့ကျမှ ယုံတတ်တဲ့.. ညိုက . နူးညံ့တဲ့ ကိုင်တွယ်မရနိုင်တဲ့ အချစ်ဆိုတာကို မယုံခဲ့ဘူးလေ။ ဒါကလည်း သူနဲ့မတွေ့ခင်အထိပဲဆိုပါတော့...။ သူနဲ့တွေ့ပီးတဲ့နောက်ပိုင်းတော့ ... မမြင်ရပေမဲ့ ညို့ရင်ကို ချည်နိုင်တဲ့ ကြိုးလေးတစ်ချောင်း၊ မထိတွေ့နိုင်ပေမဲ့ .. ညို့နှလုံးသားကို ခုန်လှုပ်စေတဲ့ လက်တစုံလို့ ညို ယုံခဲ့မိရတယ်...


တက္ကသိုလ်ဆိုတာ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့နေရာလို့ စာတွေထဲမှာပဲ ဖတ်ဖူးခဲ့ပေမဲ့ တကယ်ကို လွတ်လပ်တဲ့ပျော်စရာလို့ ညိုမထင်ခဲ့ဘူး...။ ကိုယ့်ကိုကိုယ် လူကြီးဖြစ်ပီဆိုတဲ့အသိနဲ့ မြောက်ကြွ မြောက်ကြွပေါ့...။ သူငယ်ချင်းတွေနဲ့လည်း စာသင်ချိန်မှာ ကင်တန်းသွားထိုင် လွတ်လွတ်လပ်လပ်နဲ့ ခုမှ ကောင်းကင်ပေါ် ပျံသန်းခွင့်ရတဲ့ ငှက်ငယ်တကောင်ရဲ့ ပီတိမျိုးနဲ့ပေါ့....။


ညိုပုံစံက နာမည်နဲ့လိုက်ဖက်စွာ ညိုတိုတိုလေးနဲ့ ခေတ်ပုံစံလေးပေါ့လေ။ ကိုယ့်ကိုကိုယ် လှတယ်လို့ မယူဆခဲ့ပေမဲ့ အကျည်းတန်မနေဘူးလို့တော့ ညို ပြောရဲပါတယ်...။ ပီးတော့ သူငယ်ချင်းတွေရဲ့ ပြောစကားအရ ညို့ စကားပြောဟာ လူတဖက်သားကို အင်မတန်လွှမ်းမိုးနိုင်စွမ်းရှိပါတယ်တဲ့....။


ညိုတို့ကျောင်းက မြို့အစွန်နားမှာမို့ ကျောင်းသွားကျောင်းပြန် ကျောင်းကားစီးရပါတယ်..။ ကျောင်းကားပေါ်မှာ တိုးဝှေ့နေရာဦးကြ။ မိန်းကလေးတွေဆိုရင် ယောကျာ်းလေးတွေက ဦးစားပေးပီး ဖယ်ပေးကြနဲ့ ညီအစ်ကိုမောင်နှမတွေလို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နဲ့ တစ်နာရီနီးပါး အိမ်အပြန်လမ်းဟာ စိတ်ထင်ခဏလေးလိုပါပဲ....။ တစ်ခါတစ်ရံ တစ်ချို့ကျောင်းသားတွေက ဂစ်တာတီးကြ။ မိန်းကလေးတွေက သီချင်းဆိုကြနဲ့ .. သိပ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်...။ ညိုက အစွဲအမှတ်ကြီးသူမို့ ကျောင်းကားစစီးကတည်းက ထိုင်နေကျဖြစ်တဲ့ ကျောင်းကားရဲ့နောက်ဆုံးပေါက်နဲ့ကပ်ရပ်က ခုံလေးမှာပဲ အမြဲထိုင်ခဲ့တယ်....။ အဲဒီခုံက ကားဘီးပေါ်မှာမို့ လကမ္ဘာကို ဖြတ်ပီး အသွားအပြန်လုပ်ရတဲ့ လမ်းပေါ်မှာ ခုံလွန်းတာကြောင့် အမြဲပဲ ညိုတစ်ယောက်ထဲ ဗိုလ်စွဲခဲ့တယ် ဆိုပါတော့လေ....။


မှတ်မှတ်ရရ ... မိုးတွေအုံပီး မရွာဘဲ တင်းထားတဲ့နေ့တစ်နေ့မှာပေါ့... ကျောင်းကားကြီးထွက်ခါနီးမှ ကားပေါ်ကို ၀ုန်းခနဲတက်လာပီး ညို့ဘေးမှာ ဒုန်းကနဲထိုင်လိုက်တဲ့သူကြောင့် ..... အမြဲပဲ ငြိမ်သက်နေတဲ့ ညို့နှလုံးသားတွေ ၀ုန်းဒိုင်း ၀ုန်းဒိုင်း အသံတွေမြည်လာခဲ့တယ်..။ ဘေးတိုက်အကြည့်မှာ မျက်မှန်လေးနဲ့ဆိုတာရယ်...။ နှာခေါင်းလေးက ချွန်ပီးတော်တော်လှတယ် ဆိုတာရယ်ကလွဲလို့ ညို သိပ်မမှတ်မိလိုက်ပါဘူး....။ ဒါပေမဲ့ .... ညို့ အသားနဲ့ထိမှာစိုးလို့ ကိုယ်လေးစောင်းပီး ထိုင်နေတာကိုတော့ ညို အမှတ်တွေ ကြိတ်ပေးလိုက်မိတယ်... ။


ဝန်ခံရမယ်ဆိုရင် .. နောက်နေ့တွေမှာလည်း သူများလာစီးမလားရယ်လို့ .. ညိုမျှော်လင့်မိနေသေးတယ်...။ သူ ဆင်းတဲ့နေရာကလည်း ညိုဆင်းတဲ့နေရာနဲ့အတူတူဆိုတော့ ဘယ်မှာများနေသလဲလို့ မှန်းဆမိတာလည်း အခါခါပါပဲ။ ဒါပေမဲ့လေ..... မိုးတွေအုံပီး လွမ်းစရာကောင်းတဲ့နေ့မှာ သူက လွမ်းစရာဖြစ်အောင် ကျောင်းကားကို မပေါ်လာဘဲ ၂ ပတ်လောက် ပျောက်နေခဲ့တယ်.....။ ကျောင်းမှာလည်းမတွေ့...။ အိမ်နားမှာလည်းမတွေ့.... သူငယ်ချင်းတွေကတောင် ... " ညိုတစ်ယောက် ပျာယာတွေခတ်နေတယ် " လို့ ပြောရလောက်အောင် ရှာဖွေမိခဲ့တယ်...။ မျက်မှန်လေးတပ်ထားရင်လည်း လိုက်ကြည့်မိတာ ... ပျာပျာသလဲပေါ့လေ...။


သူက ညို့ကို ပျော်ရွှင်စေခဲ့ပါတယ်...။ အဲဒီကာလပီးတဲ့ နောက်တနေ့ ညနေမှာလည်း ပထမအကြိမ်လိုပဲ သူရောက်လာခဲ့ပြန်တယ်...။ ဒီတစ်ခါတော့ ..သူက စပီး မိတ်ဆက်တာမို့ .. ရင်ခုန်သံတွေ ပရမ်းပတာ ကြားထဲကပဲ ညို စကားတွေပြန်ပြောမိခဲ့တယ်....။ " ညီမက ဘယ်အတန်းကလည်း " တဲ့.... ။ ညီမဆိုတဲ့ ခေါ်သံမှာတင် ညို့နှလုံးသားတွေ နွေးထွေးသွားလိုက်တာ....။ အဲဒီနေ့က ပြန်ဖူးခဲ့သမျှ အိမ်အပြန်လမ်းတွေထဲမှာ အတိုဆုံးနေ့တစ်နေ့ ဖြစ်ခဲ့တယ်...။


သူက ကျောင်းအလာကိုတော့ မလိုက်တာမို့ ညိုနဲ့သူနဲ့တွေ့ချိန်ဟာ ကျောင်းပြန်ချိန်မို့ ပြန်ခါနီးရင် ညို ..မှန်ကြည့်တတ်လာတယ်.. ခေါင်းဖီးတတ်လာတယ်.... မိန်းကလေးမို့ အရင်ကလည်း အလှပြင်မိပေမဲ့ .. ခုတော့ ပိုပီးအသေးစိတ်ပေါ့လေ....။ ကျောင်းကားအပြန်တွေလိုက်စီးလို့ တစ်ပတ်ကျော်ကျော်လောက်မှာတော့ ....


တစ်နေ့... ညို ကျောင်းအလာ ကားပေါ်ကအဆင်းမှာ .. ကျောင်းအပေါ်ထပ် ၀ရံတာကနေ တစ်စုံတစ်ယောက်စိုက်ကြည့်နေသလို ခံစားရတာမို့... မော့ကြည့်လိုက်တဲ့အခါ... ညို့ကိုစိုက်ကြည့်နေတဲ့ မျက်မှန်အောက်က မျက်ဝန်းနွေးနွေးတွေ..... အိုး ...... ရှင်သန်ခဲ့သမျှ နံနက်ခင်းတိုင်းဟာ ခုမှ အဓိပ္ပါယ်မဲ့မှန်း ညို သိခဲ့တော့တယ်...။ ဒီနေ့ နံနက်ခင်းလောက် ညို့ရင်ကို နွေးထွေးစေတာ... ညို့ နှလုံးသားတွေ တိမ်းမူးစေတာ.... တစ်ခါမှကို မကြုံခဲ့ဖူးပါဘူး...။


ကျောင်းခန်းထဲမှာ ဗေဒင်အပျော်တွေ တွက်တဲ့အခါ... ညို့ကိုစိတ်ဝင်စားတဲ့လူနာမည်မှာ " နိုင် " ဆိုတာ ပါမယ်လို့ ပြောတုန်းကများ .... အိုး .... ညို့ မျက်စိထဲ သူတယောက်ပဲ ပြေးမြင်မိတယ်....။
" ကိုယ့်နာမည်က ရန်နိုင် ပါ။ တစ်တန်းပဲကြီးလည်း ညီမရဲ့ စီနီယာပဲနော် " တဲ့...။ သူပဲ ဖြစ်မယ်လို့ပဲ တစ်ထစ်ချ ကောက်ချက်ဆွဲမိတယ်...။ သူဖွင့်ပြောလာတဲ့အခါ.... ဘယ်လိုများ အဖြေပေးရမလည်းဆိုတာလည်း .. အမျိုးမျိုးစဉ်းစားလို့ပေါ့လေ...။


ညို ကျောင်းလာတဲ့အခါတိုင်း သူ့မျက်ဝန်းတွေနဲ့ဆုံတဲ့အခါ မြန်မြန်ဖွင့်ပြောပါစေတော့လို့ ကြိတ်ပီးဆုတောင်းမိတာလည်း အခါခါပေါ့။ .. နောက်... ညို့ နောက်မှာ သူအမြဲရှိလာတတ်တာ...။ ညို သွားတဲ့ ကင်တန်းကိုပဲ လိုက်ထိုင်တတ်တာ...။ ညို တို့အတန်းရှေ့ကနေ ညို့ကို မမြင်မချင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေတတ်တာ....။ ကျောင်းအလှူတွေမှာလည်း .. ညို့ အနားမှာပဲ ရစ်ဝဲနေတတ်တာ... ။ ညို့ ဖုန်းနံပါတ်တောင်းပီး ညို ကျောင်းမတက်ဖြစ်ရင် ဖုန်းဆက်တတ်တာ... သူငယ်ချင်းတွေ ရိပ်မိလာခဲ့တော့ .. အစခံရတဲ့အခါ ရှက်ပြုံးလေးနဲ့.... တိတ်တခိုး ကျေနပ်ရတာ.... သူသိပါ့မလားလို့ တစ်ခါတစ်လေတော့ တွေးမိတယ်...။ သူ့သူငယ်ချင်းတွေနဲ့ ကျောင်းကော်ရစ်ဒါမှာ ဆုံတဲ့အခါ ............. " ညိုရေ .. နိုင်ကြီးတော့ ... ညိုမှညို ဖြစ်နေပီနော်... " ဆိုတဲ့... စနောက်သံတွေကြားမှာ ရင်ခုန်သံတွေ ပရမ်းပတာနဲ့ ခြေလှမ်းတွေ မှားခဲ့ရတာလည်း ညိုပါပဲ....


ဒါပေမဲ့ .. ဒါပေမဲ့လည်းလေ....
ဒုတိယနှစ်သာပီးလို့ သူက တတိယနှစ် (နောက်ဆုံးနှစ်) သာရောက်သွားခဲ့တယ်... ။ ညို့နောက်ကလိုက်ရုံ၊ ဖုန်းဆက်တတ်ရုံကလွဲလို့ ... သူ ဘာမှ ဖွင့်မပြောတဲ့အခါ...။ နောက်ဆုံးနှစ်ပီးလို့ ... " ကိုယ်.. သြစတြေးလျကို သွားတော့မယ် .. ညို " လို့ နှုတ်ဆက်တဲ့အခါ... ။ ညို့ နှလုံးသားတွေ ကွဲအက်ကြေမွသွားရတာကို .. သူမသိရအောင်ဖုံးဖိလို့ .. နှုတ်ဆက်စကားဆိုရတဲ့အခါ.... မိန်းကလေးဘ၀ကို ညိုတော်တော်ပဲ ၀မ်းနည်းသွားမိတယ်.....။ ထားခဲ့သူက ထားခဲ့မှတော့လည်း ... ။


သူ့အတွက် ညို့ ခံစားချက်တွေကို ကဗျာလေးတစ်ပုဒ်ဖြစ်အောင် သီကုံးရင်း... သူထားခဲ့တဲ့နေရာမှာပဲ .. ကျန်ခဲ့ဆဲ ... ။ မိုးတွေအုံ့နေတာကို မြင်တိုင်းလည်း ဘယ်ဆီမှန်းမသိ မျှော်မှန်း တမ်းတမိဆဲ ....။ သူ ပြန်လာမှာပါလို့ ယုံကြည်ရင်း ရာသီတိုင်းမှာလည်း စောင့်စားဆဲ ....


" မျက်မှန်နဲ့လူ...... "
မျက်မှန်အောက်က မျက်ဝန်းရဲ့အကြည့်
ပျော်ဝင်တဲ့ချစ်ခြင်းတွေ ကိုယ့်အတွက်ထင်မိ .. ပျော်ခဲ့မိပါတယ်...
နံနက်သစ်ရဲ့နေခြည်အောက် မြင်ရတဲ့မျက်နှာတစ်ခုဟာ..
အားသစ်တွေပေးဝေလို့ (ကိုယ့်ကို) လန်းဆန်းပျော်ရွှင်ကြည်နူးစေပါတယ်...
တမ်းတငြိတွယ် . .. ရင်ထဲထိမှ
တွေးသိမလွယ် .. ဘာလိုလိုနဲ့ ..မှန်းဆရခက် .. ပဟေဋ္ဌိနဲ့ ...
စိမ်းကားရက်သူ .. မျက်မှန်နဲ့လူရေ....

ခုတော့လည်း ... သတိရတဲ့အခါ ကဗျာလေးကိုဖတ်ကြည့်လို့ စောင့်စားမျှော်လင့်ရုံမှတပါး.....

2 comments:

  1. ကောင်းတယ် ညိုရေ ဆက်ရေးလေ..

    ReplyDelete
  2. သက်ပြင်းချသွားတယ်..

    တကယ်ဆိုရင် သနားလိုက်တာ

    ReplyDelete